ငါန်းဇွန်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပခြင်း၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များ ပြသခြင်းဆောင်ရွက်

ငါန်းဇွန်   ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များ ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် Grade-8 ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးရှေ့ နံရံကပ်စာစောင်တွင် ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းအရာများနှင့် ပြည်သူ့စာကြည့်တိုက်အတွင်း ပြသထားသော စာအုပ်စာစောင်များအား လေ့လာဖတ်ရှုကြသည်။

ထို့နောက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “မူးယစ်ဆေးဝါးနှင့် လူငယ်များ”ခေါင်းစဉ်ဖြင့် ဘယ်လိုလူငယ်တွေ မူးယစ်သားကောင်ဖြစ်ရပုံ၊ ကျောင်းသားလူငယ်များအနေဖြင့် မှန်ကန်သောဘဝရည်မှန်း ချက်ထားရှိပြီး ရည်မှန်းချက်အောင်မြင်ရေးအတွက် မူးယစ်အန္တရာယ်ကင်းဝေးစေကာ ပညာရည်ပြည့်ဝအောင် ကြိုးစားကြရန် ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)