ညောင်ဦးမြို့၌ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ညောင်ဦး ဇွန် ၂၆

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည့် ဟိုတယ်ဇုန်များရှိရာ ပုဂံညောင်ဦးဒေသတွင် ဟိုတယ်များမှ အိုဇုန်းလွှာနှင့်ကမ္ဘာကြီးပူနွေးလာမှုအပေါ် သက်ရောက်မှုနည်းသည့် အအေးပေးဒြပ်ပစ္စည်းများကိုသာ ဝယ်ယူအသုံးပြုစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့ Heritage Bagan Hotel အရိမန္ဒနခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်တင့်တင့်အောင်က ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်၊ အထိမ်း အမှတ်နေ့ဖြစ်ပေါ်လာပုံ၊ အအေးပေးပစ္စည်းများ၏ အသုံးဝင်ပုံနှင့် အအေးပေးဒြပ်ပစ္စည်းများကြောင့် အိုဇုန်းလွှာနှင့်ကမ္ဘာကြီးပူနွေးလာမှုအပေါ် သက်ရောက်မှုများကို Power Point ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဝန်ထမ်းများ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ ဆောင်ပုဒ်ဖြစ်သည့် “အအေးပေး နည်းပညာကျွမ်းကျင်မှုမြှင့်တင်ရေး အလေးထားဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။

ဒီပါလင်း