စဉ့်ကိုင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

စဉ့်ကိုင် ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ် စာ‌စောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းသည်။ ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးသန်းဝင်း “မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်း” ကိုလည်းကောင်း၊ ဒု-ဥက္ကဋ္ဌ စာရေးဆရာ ဦးအေးကိုကို (ရွှေလွင်ပြင်)က  မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများအကြောင်း၊ ပြစ်မှု/ပြစ်ဒဏ်များ၊ ဥပဒေ၊ ပုဒ်မများအကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲတို့တွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)(၃၉၉)