မိုးနဲ ဇွန် ၂၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က နမ့်မော်ဆွမ့် အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းသန်းသန်းစိုးက အားကစားပစ္စည်းများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းသား၊ ကျောင်းသူများအား အားကစား၏အဓိပ္ပာယ်၊ အားကစားနည်းအမျိုးအစားများ၊ အားကစားလေ့ကျင့်လိုက်စားခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အားကစားဆိုင်ရာအထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ရာ နမ့်မော်ဆွမ့် အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာကျော်က လက်ခံရယူခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ကိုယ်လက်လှုပ်ရှားအားကစားခြင်းအဖြစ် ကာယလေ့ကျင်းခန်းအတွဲ-၃ ဖြင့်သရုပ်ပြခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)