ဝါသီးနှံသုတေသနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)၌ ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးကွင်းသရုပ်ပြပွဲပြုလုပ်

ကျောက်ဆည်မြို့နယ် ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ တံတားဦးမြို့နယ်များရှိ တောင်သူများ ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးကွင်း သရုပ်ပြပွဲကို ယမန့်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် ဝါသီးနှံသုတေသနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်)၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

သရုပ်ပြပွဲတွင်  မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးဦးဝင်းထိန်မှ ဝါစိုက်တောင်သူများအနေဖြင့်  ပန်းတိုင်အထွက်နှုန်း ဝါ(၁)ဧက၊ ပိဿာ(၇၀၀)ထွက်ရှိရေး၊ မျိုးကောင်းမျိုးသန့်များ ရွှေးချယ်စိုက်ပျိုးသွားရန်နှင့် ဝါအထွက်နှုန်းကောင်းမွန်ပြီး၊ ဝါသီးနှံ၌ စုပ်စားပိုးကျရောက်မှုခံနိုင်ရည်ရှိသောဝါမျိုးများ ပေါ်ပေါက်လာပြီဖြစ်သဖြင့် မျိုးစေ့ကုန်ကျစရိတ်အားထည့်မတွက်ဘဲ ပြောင်းလဲစိုက်ပျိုးသွားကြစေလိုကြောင်း၊ ကျောက်ဆည်မြို့နယ်သည် ရေမြေကောင်းသဖြင့် စပါးစိုက်တောင်သူများအနေဖြင့် လက်ရှိစိုက်ပျိုးနေသော ဧရာမင်းစပါးထက် အထွက်နှုန်း ပိုမိုကောင်းမွန်သော အောင်နိုင်တိုး စပါးမျိုးသစ်အား စမ်းသပ်စိုက်ပျိုးစေလိုကြောင်း၊ ဝါပန်းတိုင်အထွက်နှုန်း ပိဿာ(၇၀၀)စံပြကွက်အားကြည့်ပြီး စိုက်နည်းစနစ်၊ မြေဩဇာသုံးစွဲမှု၊ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းမှုများကို လက်တွေ့လေ့လာမေးမြန်းဆွေးနွေးသွား စေလိုကြောင်း၊  ယှဉ်ပြိုင်စမ်းသပ်ကွက်အဖြစ် စိုက်ပျိုးထားသော ငွေနှင်းမှုန်-၇၁၁၊ Raka-666၊ TBL-95B-31 စသည့် Hybridစပ်မျိုးများနှင့်ဒေသဝါမျိုးများဖြစ်သည့်ရွှေတောင် -၈၊ ရွှေတောင်၁၀ ဝါမျိုးများ၏ အရည်အသွေးလက္ခဏာများအားလေ့လာသွားစေချင်ကြောင်းနှင့် (၁)ဧက မျှော်မှန်းအထွက်နှုန်း(၁၀၀-၁၂၀)တင်းရရှိရေး စိုက်ပျိုးထာသည့် စပါးမျိုးသစ် အောင်နိုင်တိုး နွေစပါးစိုက်ခင်းပါ သွားရောက်လေ့လာ စေလိုကြောင်း  အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဝါသီးနှံသုတေသနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)တာဝန်ခံ ဒေါက်တာအေးအေးမြတ်က ခြံ၏ရည်ရွယ်ချက်များနှင့် ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးနိုင်သည့် နည်းလမ်း (၁၀) ချက်အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဌာနမှဖြန့်ဖြူးနေသော ရွှေတောင်-၈၊ ရွှေတောင်-၁၀ ဝါမျိုးများသည် မျိုးခံ၊မျိုးပွားစိုက်ပျိုးနိုင်ကြောင်း၊ အက်ဆစ်ချွတ်ဝါမျိုးစေ့၏ ဈေးနှုန်းမှာ Hybrid စပ်မျိုး ဝါစေ့ဖြင့် နှိုင်းယှဉ်ပါက မျိုးစရိတ်သက်သာပြီး (1)kgတွင် မျိုးစေ့ပါဝင်မှုများသည့်အတွက် စိုက်ပျိုးသင့်ကြောင်း ဆွေးနွေးခဲ့ပြီး  ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသူများမှ ပန်းတိုင်အထွက်နှုန်း (၁)ဧက ပိဿာ(၇၀၀)စံပြဝါစိုက်ခင်း၊ မျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ခင်းများနှင့် အောင်နိုင်တိုးနွေစပါးစိုက်ခင်းများသို့ ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ ကွင်းတာဝန်ခံ များမှ ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့်   ကွင်းသရုပ်ပြပွဲသို့ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တောင်သူများ စုစုပေါင်း (၁၉၁) ဦး တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)