ခရိုင်အဆင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ 

ပြင်ဦးလွင်   ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ခရိုင်အဆင့်သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ  တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာငြိမ်းချမ်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာ အိအိဖြိုးအောင်မှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သတ်၍ Power Point ဖြင့် အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသူများမှ မိမိတို့ရပ်ကွက်/ကျေးရွာအတွင်း ဆောင်ရွက်ရမည့် ကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သတ်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ  တာဝန်ရှိသူများက  ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြင်ဦးလွင် ခရိုင်/ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် နှစ်စဉ် ခြင်မှတဆင့်ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်ရေးလုပ်ငန်းများ (ဖုံး၊ သွန်၊ လဲ၊ စစ်) ပြုလုပ်ခြင်း၊ Abate ခပ်ခြင်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင် (ပြန်/ဆက်)