ဆီဆိုင် ဇွန်၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများ သိရှိစေရန်၊ ပန်းချီအနုပညာကို စိတ်ပါဝင်စားပြီး တန်ဖိုးထားတတ်စေရန်၊ စိတ်ကူးစိတ်သန်းနှင့် ဖန်တီးမှုများ ဆန်းသစ်တီထွင်လာနိုင်စေရန်၊ ယှဉ်ပြိုင်ခြင်း အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးချစ်ရဲက ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် တန်ဖိုးရှိလှ လူငယ်ဘဝ မူးယစ်ကင်းစင်ကျန်းမာလှ၊ ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်၊ ရှောင်လေ ဝေးဝေးမူးယစ်ဆေး စသည့်ခေါင်းစဉ်များဖြင့် အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ကျော်ရန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဦးလှဝင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာန စခန်းမှူး ဦးအောင်မျိုးမင်းနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ ၂၆ ရက်နေ့တွင် အခမ်းအနားဖြင့် ဆုများချီးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)