မိုးနဲ ဇွန် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် မြို့နယ်ကမ္ဘောဇခန်းမနေရာ၌ မြို့နယ်အဆင့် နိုင်ငံ့ဝန်ထမ်းများအား ယမန်နေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Pfizer) ထပ်ဆောင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသည့် နိုင်ငံ့ဝန်ထမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မီဟန်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိပြီး Pfizer အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇွန်လ ၂၅ ရက်မှစတင်၍ ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီးမှ နိုင်ငံ့ဝန်ထမ်းစုစုပေါင်း ၇၀ ဦးထိုးနှံပြီးစီးခဲ့ကြောင်း၊ ကျန်ရှိနေသေးသည့် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)