နေပြည်တော် ဇွန် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ (Smoke Free Public Area) သတ်မှတ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကင်းစင်ရေးနယ်မြေများ ဖန်တီး၍ အဆိုပါ နေရာများတွင် အမှန်တကယ်သောက်သုံးမှုမရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စနစ်တကျစီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးကင်းစင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းစီမံချက်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Smoke Free Public Areaများ မြို့နယ်အလိုက် တိုးချဲ့သတ်မှတ်၍ ဆေးလိပ်မသောက်ရ သတ်မှတ်ထားသောနေရာများတွင် “ဆေးလိပ်မသောက်ရ" ဆိုင်းဘုတ် ပိုစတာ၊ စတစ်ကာများ တပ်ဆင်ထားခြင်း၊ အချက်အချာကျသော အများပြည်သူများ သွားလာသည့်နေရာများ၌ ပိုစတာများ၊ မြေစိုက် ပိုစတာကြီးများ (Billboards) စိုက်ထူ၍ ထိရောက်သည့် ဆေးလိပ်ငွေ့ကင်းစင် အသိပေးစာသား အချက်အလက်များ ရေးသားဖော်ပြထားခြင်းကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မီဒီယာမှတစ်ဆင့် သတင်းအချက်အလက်များ အသိပေးဖြန့်ဝေခြင်း၊ အသိပညာပေးဗွီဒီယို မှတ်တမ်းတိုများပြသခြင်းများနှင့် လက်တွေ့ကျသည့် ကွင်းဆင်းဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကင်းစင်ရေးနယ်မြေများ ဖန်တီး၍ အမှန်တကယ် သောက်သုံးမှုမရှိစေရေး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ် ဆောင်ရွက်ကာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အား ဆေးလိပ်ငွေ့နှင့် ဆေးရွက်ကြီး ကင်းစင်သည့် စံပြမြို့တော်ဖြစ်စေရေး ဌာနဆိုင်ရာအားလုံး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်နှင့် ဆေးလိပ်ငွေ့ကင်းစင်ဒေသများ ထူထောင်ထားရှိမှုများနှင့် နေပြည်တော်ကျန်းမာရေးဦးစီး ဌာနမှူး ဒေါ်ဆွေဇင်ဝင်းက ဆေးလိပ်ငွေ့ကင်းစင်ရေး လျာထားမြို့နယ်များနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)