ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးစိုင်းလိတ် ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ်အတွင်း အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်း (၁၀၀၀) ဧက စိုက်ပျိုးပြီးစီးမှုနှင့် ပေါင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇွန် ၂၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်သည် ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ်အတွင်း အထူးစိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ၌ စိုက်ခင်း (၁၀၀၀) ဧက စိုက်ပျိုးပြီးစီးမှုနှင့် ပေါင်းရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်နယ်သယံဇာတရေးရာဝန်ကြီးသည် ရှမ်းပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ်အတွင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အထူးစိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ၌ သစ်ပင်စိုက်ပျိုးရန်အတွက် ရပ်စောက်မြို့နယ် (၈၉၀) ဧကတွင် သစ်ပင်အမျိုးပေါင်း (၁၅)မျိုး၊ စိုက်ပျိုးအပင်ပေါင်း (၁၇၈၀၀၀) ပင်နှင့် ပင်းတယမြို့နယ် (၁၁၀) ဧကတွင် သစ်ပင်အမျိုးပေါင်း (၈)မျိုး၊ (၂၂၀၀၀) ပင်၊ စုစုပေါင်း (၂၀၀၀၀၀)ပင် စိုက်ပျိုးပြီးစီးမှုနှင့် ပေါင်းရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်သယံဇာတဝန်ကြီးသည် စိုက်ပျိုးထားရှိသည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ယင်းမာ၊ ခါတော်မီ၊ မျောက်ငို၊ အော်းရီးရှား၊ မာတာကွက်၊ ထင်းရှူး၊ ပြည်လုံးချမ်းသာ၊ ယူကလစ်၊ မန်ဂျန်ရှား၊ ယမနေ၊ မယ်ဇလီပင်များ၏ ရှင်သန်အောင်မြင်မှုနှင့် ပေါင်းရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ပြည်နယ်သယံဇာတဝန်ကြီးသည် စိုက်ခင်းနယ်နိမိတ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ ဝင်ရောက်မှုမရှိစေရေး ခြံစည်းရိုးခတ်ထားရန် ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)