ဟိုပုံးမြို့ တုံခမ်းရပ်ကွက်၌ ပြည်သူများအား ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ဟိုပုံး  ဇွန် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က တုံခမ်းဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည်။

အသိပညာပေးဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တို့က ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်က အတည်ပြုပြီးသော ဥပဒေဖြစ်ပါကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကိုစောင့်ထိန်းရန်၊ နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ဝင်အောင်ဆောင်ရွက်ခြင်းသည် ပြည်သူလူထုပါဝင်သော ကာကွယ်ရေးစနစ်တစ်ခုတည်ဆောက်ရန်၊ မိမိရပ်ရွာဒေသကာကွယ်ရေးအတွက် ရပ်ရွာလူငယ်များပါဝင်သော ပြည်သူ့စစ်မှုထမ်းဥပဒေအောက်မှ ကာကွယ်ရေးအရန်တပ်ဖွဲ့ကြီး ပေါ်ပေါက်လာရန်ဟူ၍ ရည်ရွယ်ချက်အနေဖြင့် (၃)ရပ်ရှိပါကြောင်း၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာသတင်းမှားများကို အယုံလွယ်လမ်းမှားမရောက်ရှိစေရေး တရားဝင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာ လေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေအရသတိပြုရန်အချက်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ လျှော့ပေါ့ခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရွှေ့ဆိုင်းခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းတို၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းဆောင်ခြင်းကိုရှောင်လွှဲပါက ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ ဆောင်ရွက်နေမှုများ၊ အရွယ်ရောက်သူ နိုင်ငံသားအားလုံးနိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားစစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ကြရန်နှင့် အားပေးကူညီပံ့ပိုးပေးကြပါရန်ပြည် သူများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေကာ တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)