နေပြည်တော် ဇွန် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အတွင်း အခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် အခွန်ရငွေတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အထောက်အကူပြုစေရေး၊ ရသင့်ရထိုက်သောအခွန်အခများ ရရှိစေရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများမှ အခွန်ဘဏ္ဍာငွေအပြည့်အဝရရှိရန် မိမိတာဝန်ယူရသည့် ကဏ္ဍအလိုက်လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန်ဘဏ္ဍာငွေများ ပြည့်ဝစွာရရှိရေးအတွက် အခွန်နယ်ပယ်ချဲ့ထွင်ရေး၊ ရသင့်ရထိုက်သောအခွန်များကောက်ခံရေး ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ အခွန်ကောက်ခံရေးနှင့် သက်ဆိုင်သောဌာနဆိုင်ရာများမှ နှစ်စဉ်လျာထားချက် ပြည့်မီကျော်လွန်အောင်ကောက်ခံရေးနှင့် အခွန်ထမ်းအသစ်များကိုလည်း တိုးချဲ့ရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ အခွန်ကောက်ခံခြင်း၊ အခွန်ထမ်းဆောင်ခြင်းနှင့် အခွန်အရပ်ရပ်ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေးအတွက် ပြည်သူလူထုအား ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် အမြဲမပြတ်စစ်ဆေးဆောင်ရွက်ရန်တို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များမှာကြားပြီး အခွန်ငွေတိုးတက်ရရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပသည့် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံမှုရာခိုင်နှုန်းတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံသားတိုင်းအခြေခံပညာကို သင်ယူတတ်မြောက်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ပြင်ပတွင်မရောက်ရှိစေရေးအတွက် စည်းရုံးဆောင်ရွက်ရေး၊ ပညာတတ်မြောက်မှသာ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားသိရှိနိုင်မှာဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ တန်းစဉ်ကူးပြောင်းမှုရာခိုင်နှုန်း မြင့်မားစေရေးနှင့် ကျောင်းအပ်နှံထားပြီး ကျောင်းတက်ရောက်မှုမရှိသူများကိုလည်း စိစစ်ဆောင်ရွက်ရန်လိုကြောင်း၊ ပညာသင်ကြားခြင်းသည် ကလေးများ၏ ဘဝရှေ့ရေးအတွက် အရေးကြီးသဖြင့် ကလေးများအားလုံးအနည်းဆုံး KG +9 အထိ သင်ယူတတ်မြောက်ရန်လိုကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျောင်းအပ်နှံမှုရာခိုင်နှုန်းတိုးတက်ရေးအတွက် ပညာရေးဌာနနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများမှ အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများမှ ကျောင်းအပ်နှံမှုနှင့် ကျောင်းတက်ရောက်နေမှု အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ရုံးလုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးမှ အမှာစကားပြောကြားရာ အသစ်ခန့်အပ်ခဲ့သည့် ဝန်ထမ်းများအား ဝန်ထမ်းကောင်းများဖြစ်လာစေရေး၊ မိမိရာထူးအဆင့်နှင့်အညီ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်နိုင်စေရေး၊ မိမိအဖွဲ့အစည်း၏ ဥပဒေ၊ မူဝါဒ၊ လမ်းညွှန်ချက်များကိုသိရှိပြီး ဌာန၏လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ပြောင်းလဲနေသော ခေတ်နှင့်အညီလေ့လာသင်ယူမှုများ အမြဲပြုလုပ်၍ ကြိုးစားအားထုတ်ဆောင်ရွက်ရေး၊ သင်တန်းမှချမှတ်ထားသော စည်းကမ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ရုံးလုပ်ငန်းခွင်ဝင် သင်တန်းတက်ရောက်ကြသော သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနီးနီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၆၈ ဦး တက်ရောက်ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦးသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်းအတွင်း Modular House များ တပ်ဆင်တည်ဆောက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေ၊ မီး၊ သန့်စင်ခန်းများနှင့် လျှောက်လမ်းများ၊ ပတ်လမ်းများကို စနစ်တကျဆောင်ရွက်ပေးရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)