ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာ၌ ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းဆွေနွေးပွဲ ပြုလုပ်

ဟိုပုံး ဇွန် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က နမ့်ခုတ်ကျေးရွာရှိ မဟာအောင်မြေကေတုမတီပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး သန်းဋ္ဌေးအောင်၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တို့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာသတင်းမှားများကို အယုံလွယ် လမ်းမှားမရောက်ရှိစေရေး တရားဝင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာ လေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ သတိပြုရန်အချက်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ လျှော့ပေါ့ခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရွှေ့ဆိုင်းခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းတို၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းဆောင်ခြင်းကို ရှောင်လွှဲပါက ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ ဆောင်ရွက်နေမှုများ၊ အရွယ်ရောက်သူ နိုင်ငံသားအား လုံးနိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားစစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ကြရန်နှင့် အားပေးကူညီပံ့ပိုးပေးကြပါရန် ပြည်သူများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေကာ တက်ရောက်လာသည့်ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)