တိုက်ကြီး ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် တပြည်သူမရွှေထားစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မြောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် တပြည်သူမရွှေထားစာအုပ်ကို ဆွေးနွေးရာ ဒုတိယကမ္ဘာစစ်ကာလ မြန်မာပြည်နိုင်ငံရေးအခြေအနေကို နောက်ခံထားရေးဖွဲ့ထားပုံ၊ စာရေးသူက ဇာတ်ကောင်စရိုက်ကို သရုပ်ဖော်ရာ၌ ဆွေမျိုးမရှိသော်လည်း ၎င်းတွင်ရှိသော မာနနှင့် ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားခဲ့ပုံ၊ လူ့ဘဝကိုလျှောက်လှမ်းရာတွင် လုပ်သင့်သည့်အလုပ်ကို ကြိုးစားလုပ်ဆောင်ရင်း ရည်မှန်းရာပန်းတိုင်ကို ရရှိခဲ့ပုံတို့ကို ဆွေးနွေးခဲ့ရာ Women Club အဖွဲ့ဝင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်နီနီဝင်းနှင့် ဒေါ်နန်းခင်မာရွှေတို့က ပြန်လည်ဆွေးနွေးသည်။
ထို့နောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ပြသခဲ့ရာ တက်ရောက်လာသည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)