ချောင်းဆုံ ဇွန် ၂၅
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီဥတုသာယာမျှတစေရေးနှင့် သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများပိုမိုတက်ကြွစွာ ပါဝင်လာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်(၇:၃၀)နာရီက ခရိုက်သစ်ကျေးရွာရှိ စက်မှုလယ်ယာရုံးဝင်းအတွင်း ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးဇော်နိုင်ဝင်းက သစ်တောသစ်ပင်များမှ ထွက်ရှိသည့် ပစ္စည်းအမျိုးမျိုးဖြင့် ကျေးလက်နေပြည်သူများ၏ စား၊ ဝတ်၊ နေ၊ ရေးအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးလျက်ရှိကြောင်း၊ သစ်ပင်စိုက်ပျိုးရာတွင် တစ်ပင်စိုက်တစ်ပင်ရှင်သန် အောင်မြင်ဖြစ်ထွန်းစေရန် အောင်လုံသန်စွမ်းသည့် ပျိုးသက်(၂)နှစ်နှင့်အထက်၊ အမြင့် (၂)ပေနှင့်အထက် ပျိုးပင်များကို စိုက်ပျိုးကြရန်လိုကြောင်း စသည့်ဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လူထုဖြန့်ပျိုးပင်များအား တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများမှ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ဒေသနှင့်ကိုက်ညီသည့် မန်ဂျန်ရှား (၂၅၀)ပင်၊ မဟော်ဂနီ(၂၀၀)ပင်၊ အော်ရီရှား(၂၅၀)ပင်၊ ပျဉ်းမ(၁၀၀)ပင်၊ စိန်ပန်းကြီး(၁၀၀)ပင်နှင့် ကုက္ကိုလ်(၁၀၀)ပင် စုစုပေါင်းပျိုးပင်(၁၀၀၀)ခန့်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ယခုနှစ်မိုးရာသီတွင် ကျေးရွာ (၂)ရွာ၌ ထင်းစိုက်ခင်း (၃) ဧကကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော် (ချောင်းဆုံ)