နေပြည်တော် ဇွန် ၂၅
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သဘောပေါက်နားလည်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုမှ ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားပြီး ဒက္ခိဏခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က ပြိုင်ပွဲများကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်စာပေဝိုင်းမှာ စာရေးဆရာအိုင်ပီမျိုးအောင်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောသည်။
ယင်းနောက် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ရှောင်လေဝေးဝေး မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်ပြဘုတ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နေထက်ပိုင်(ပြန်/ဆက်)