မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြော

မြောက်ဥက္ကလာပ ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(‌‌၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို  ယမန်နေနံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းတွင်ပြုလုပ်ခဲ့သည်။

ဦးစွာ  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်က အမှာစကားပြောကြားခဲ့ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သိင်္ဂီပြည့်ဖြိုးက မိမိတို့ဦးစီးဌာနမှ လူငယ်၊ လူရွယ်များစာဖတ်ရှိန်မြှင့်‌တင်နိုင်‌ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ လူငယ်၊ လူရွယ်များ စာအုပ်စာပေများဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများကြွယ်၀ပြီး စဉ်းစားတွေးခေါ်မှုအသိဉာဏ်များပိုမိုရှင်သန်လာစေခြင်းနှင့် ပြင်ပ ဗဟု သုတများ တိုးပွားလာစေခြင်းအကျိုးကျေးဇူးများရရှိစေခြင်း၊ တိုးတက်သောနိုင်ငံများမှပြည်သူများသည် စာအုပ်စာပေများကို နေ့စဉ်‌ဖတ်ရှုလေ့‌လာကြပါကြောင်း စသည့်အသိပညာ ဗဟုသုတများကို ရှင်းလင်းဟောပြောပေးခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က  လူငယ်နှင့်မူးယစ်ဆေးအကြောင်း စသည့်အသိပညာဗဟုသုတများအား အကျယ်တ၀င့်ရှင်းလင်းပြောကြား‌ပေးခဲ့ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ဖြန့်ဝေသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်း‌‌စာစောင်များကို ၀န်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေး အလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရယ်အကြောင်း စသည့်တို့ပါ၀င်သော အသိပညာပေး နံရံကပ် ဗီနိုင်း၊ ပိုစတာများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)