အိုလံပစ်နေ့အထိမ်းအမှတ် ကလပ်ပေါင်းစုံ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲ ကျင်းပ

ရန်ကုန် ဇွန် ၂၅

အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အနေဖြင့် ၂၀၂၅ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မျိုးဆက်သစ် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကို ဇွန် ၂၁ ရက်နေ့မှဇွန် ၂၂ ရက်နေ့များတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ မြန်မာ့သိုင်းလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အသင်း(၁၅)သင်းမှ အုပ်ချုပ်၊ နည်းပြ၊ ကစားသမား၊ စုစုပေါင်း(၁၇၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲကို အသက်(၁၀)နှစ်မှ (၁၆)နှစ်အတွင်း မျိုးဆက်သစ်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ဗန်တိုအတိုက် ကျား(၅)တန်း၊ မ(၄)တန်း၊ တစ်ကိုယ်တော်စွမ်းရည်ပြ (လက်/ဓါး ၁)နှင့် အခြေခံဗန်တို(၆၃)ကျား/မပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ပြီး ရွှေ(၁၅)၊ ငွေ(၁၅)၊ ကြေး(၂၄)ဖြင့် စုစုပေါင်း(၅၄)ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့သိုင်းပညာရှင်ကြီးများ တက်ရောက်ခဲ့ပြီး ဆုများချီးမြှင့်ကြသည်။ အဆိုပါပြိုင်ပွဲကို ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်က အဓိကကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)