မှော်ဘီ ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ ရပ်ကွက်/ကျေးရွာစာကြည့်တိုက် များ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးဆွေးနွေးပွဲနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအားလှူဒါန်းသည့် MRTV DTH စလောင်းနှင့် ဆက်စပ်ပစ္စည်းများ ထပ်ဆင့်လှူဒါန်းပေးအပ်ပွဲကို ဇွန်လ ၂၃ ရက်နေ့နံနက်၉နာရီအချိန်က ညောင်ကုန်းကျေးရွာအုပ်စု၊ မြောက်ချောကုန်းကျေးရွာ "မျိုးမြန်မာ" စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးစန်းဝင်းက ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာပြီး အမြဲသက်ဝင်လှုပ်ရှားစေရန်နှင့် မိမိတို့စာကြည့်တိုက်ရှိ စာအုပ်စာစောင်တိုးပွားရေးအတွက် အများပြည်သူသိရှိနိုင်စေရန် စာကြည့်တိုက်လှုပ်ရှားဆောင်ရွက်မှုများကို လူမှုမီဒီယာများ၌တင်ပြ၍ စာကြည့်တိုက်များနှင့် ကွန်ယက်ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းပြောကြားပြီ စာပေများဖတ်ရှုနိုင်ရေးအတွက် စာပေဆိုင်ရာအသိပညာပေးဟောပြောကာ စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မှော်ဘီမြို့နယ် မျိုးမြန်မာစာကြည့်တိုက်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် MRTV DTH စလောင်းနှင့် ဆက်စပ်ပစ္စည်းများကို စာကြည့်မှူးနှင့်စာကြည့်တိုက်ကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စာကြည့်တိုက်မှူးနှင့် ရပ်မိရပ်ဖများ၊ စာပေချစ်နိုးသူများတက်ရောက်၍ ကလေးအလုပ်သမားပပျောက်ရေးလက်ကမ်းစာစောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်ထုတ်ဝေသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းဇော်