ဇေယျာသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇေယျာသီရိ ဇွန် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ဥတ္တရခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မျိုးလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ပုံပုံဇော်နှင့် ဒေါ်ခြူးယမုံဝင့်တို့က ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ်ခေါင်းစဉ်နှင့် စွန့်ပစ်အမှိုက်စနစ်တကျခွဲခြားစွန့်ပစ်ခြင်း ခေါင်းစဉ်များဖြင့် ရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးချမ်းမြေ့ပိုင်က လျှပ်စစ်ပစ္စည်းများသုံးစွဲလျှင် အပူလွန်ကဲမှုမဖြစ်စေရန် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းဟောပြောခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လူငယ်များအနေဖြင့် မိမိတို့အပေါ် နည်းမျိုးစုံဖြင့် လွှမ်းမိုးဖျက်ဆီးလျက်ရှိသည့် မူးယစ်ဆေးဝါးများ၏အကြောင်းကို သိရှိနားလည်နိုင်စေရန်ရည် ရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ကာ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဗဟုသုတမေးခွန်းများ မေးမြန်းခဲ့ပြီး ဖြေကြားနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခင်းကျင်းပသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအားပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)