ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ်ရှိ အောင်သိဒ္ဓိချောင်းရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ မင်းဓမ္မလမ်းတစ်လျှောက် လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့်အပင်များ ခုတ်ထွင် ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် သီရိမင်္ဂလာလမ်းနှင့် အောက်မင်္ဂလာဒုံလမ်းထောင့်ရှိ ရွာမချောင်းအတွင်း အမှိုက်၊ နုန်းနှင့် သဲမြေများ မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ညောင်တုန်းကားလမ်းနှင့် တပင်ရွှေထီးလမ်းဆုံတွင် အကျယ် ၁၂ ပေ၊ အနက် ၁၂ ပေ၊ အလျား ၁၆၀ ပေရှိ Box Culvert တည်ဆောက်နေမှု၊ ရန်ကုန်-ညောင်တုန်းလမ်းရေမြောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုနှင့် အောင်ဇေယျတံတားဘေး အရှည် ၆၇၇ ပေ၊ အောက်ခြေအကျယ် ၈ ပေ၊ မျက်နှာဝအကျယ် ၁၆ ပေ၊ အနက် ၆ ပေရှိ ဇလားပုံသဏ္ဌာန် အုတ်ရေမြောင်း တည်ဆောက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း၊ သောင်ကြားချောင်း ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ထားရှိမှု၊ ရန်ကုန်-ပုသိမ်လမ်း ရေမြောင်းရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ လမ်းဘေးဝဲ/ယာ လူသွားစင်္ကြံတည်ဆောက်နေမှု၊ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းရှိ EV Charging Station ၌မော်တော်ယာဉ်များ အားဖြည့်သွင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ယာဉ်ရပ်နားစခန်းအတွင်း သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးသဘာဝ ဥယျာဉ်အတွင်း ကန်တော်ကြီးရေပြင် ထိန်းသိမ်းထားရှိမှု၊ ရေစီးရေလာအခြေအနေနှင့် ဗိုလ်မင်းရောင်လမ်းရေမြောင်း ရေစီးရေလာအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

အောင်မြင့် (ပြန်/ဆက်)