သင်္ဃန်းကျွန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သင်္ဃန်းကျွန်း ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ သပြေညိုခန်းမတွင် ယမန်နေ့နံနက်၁၀နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမပေါက်ပေါက်က ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး စတင်ပေါ်ပေါက်လာပုံံ၊ ဖြန့်ဖြူးရောင်းချပုံံ၊ လူငယ်များအား မူးယစ်ဆေးစွဲအောင် စည်းရုံးသိမ်းသွင်းပုံတို့အား အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်အသိပညာပေး နံရံကပ်ပိုစတာများပြသခြင်း၊ လက်ကမ်းကြော်ငြာများ ဝေငှပေးခြင်း၊ သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသထားသည်များအား ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြသည်။

အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်း၊ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးနိုင်၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)