တပ်ကုန်း ဇွန် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော် ကြီးကြပ်၍ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင်မှုဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်က ဦးစီးဌာန၏ လုပ်ငန်းတာဝန်နှင့်ရည်မှန်ချက်များ၊ မီးလောင်ကျွမ်းရခြင်း၏ အကြောင်းအရင်းများ၊ ကာကွယ်ရမည့် နည်းလမ်းများနှင့် ရေဘေး၊ ငလျင်ဘေးဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များ၊ ကယ်ဆယ်ရေးလုပ်ဆောင်ရမည့်နည်းလမ်းများ ပရိုဂျက်တာဖြင့် ရှင်းလင်း ဟောပြောခဲ့ပြီးနောက် ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးသော်ခန့်ဝေနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်းများက ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုများအား လက်တွေ့သဏ္ဍာန်တူသရုပ်ပြသခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူက သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်