ဗဟန်းမြို့နယ် ဂီတအစည်းအရုံး၏ ခန့်အပ်လွှာပေးအပ်ပွဲနှင့် ဂီတနေ့အခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ မြို့နယ်ဂီတအစည်းအရုံး အလုပ်အမှုဆောင်များ ခန့်အပ်လွှာပေးအပ်ပွဲနှင့် ဂီတနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဗဟန်းလူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ တာဝန်ရှိသူများ၊ မြို့နယ်ဂီတအစည်းအရုံး အလုပ်အမှုဆောင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ အတွင်းရေးမှူးက အမှာစကားပြောကြားခဲ့ပြီး ဗဟန်းမြို့နယ် ဂီတအစည်းအရုံး အလုပ်အမှုဆောင်များ၏ ခန့်အပ်လွှာများကို ပေးအပ်ခဲ့သည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် မြို့နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်းတို့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် မြန်မာနိုင်ငံဂီတနေ့အတွက် ဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်က ပေးပို့သည့်သဝဏ်လွှာအား ဘဏ္ဍာရေးမှူးက ဖတ်ကြားတင်ပြကာ အလှူရှင်များက လှူဒါန်ငွေများကိုပေးအပ်ရာ မြို့နယ်ဂီတအစည်းအရုံး ဒုတိယဥက္ကဋ္ဌက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ မြို့နယ်ဂီတအစည်းအရုံး အတွင်းရေးမှူး ဒေါ်နီလာမြင့်က ကျေးဇူးတင်စကား ပြောကြားပြီးနောက် ဂီတနေ့အထိမ်းအမှတ် ဖျော်ဖြေရေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျော်သူဟိန်း (ပြန်/ဆက်)