အလုံမြို့နယ်၌ အသိပညာပေးကဗျာများအား သင်ကြားရှင်းလင်း ရွတ်ဖတ်လေ့ကျင့်ပေးခြင်း ဆောင်ရွက်

ရန်ကုန် ဇွန် ၂၅

အလုံမြို့နယ်၌ အသိပညာပေးကဗျာများအား သင် ကြားရှင်းလင်း ရွတ်ဖတ်လေ့ကျင့်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမေသီရီ(ဦးစီးအရာရှိ-သွားကျန်းမာ)နှင့် ဒေါ်လှသိန်းယဉ်(ပြည်သူ့ကျန်းမာရေးဆရာမကြီး) ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ မူလတန်းကျောင်းသား/သူ ၃၄၈ ဦးအား အသိပညာပေးကဗျာများဖြစ်သော သန့်လေးသန့်၊ ရန်သူ၊ အစာစားပါကဗျာများအား သင်ကြားရှင်းလင်း ရွတ်ဖတ်လေ့ကျင့်ပေးခြင်း၊ သန့်လေးသန့်ကိုလိုက်နာစို့၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ပါ၊ ငှက်ဖျား​ရောဂါကင်းဝေးဖို့ ကြိုတင်ကာကွယ်စို့နှင့် အာဟာရပြည့်ဝစေရန် အစာအုပ်စု(၃)စု ပါဝင်အောင်စားပါ ခေါင်းစဉ်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ကျောင်းသားများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား လုပ်ဆောင်စေခြင်း၊ ကျန်းမာရေးအသိပညာပေး ပိုစတာများ ချိတ်ဆွဲပေးခြင်းနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယောဧရာ (မြို့နယ်ပြန်/ဆက်)