ပျော်ဘွယ် ဇွန် ၂၅
၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လိုဂို၊ မဟာဗျူဟာ၊ နည်းဗျူဟာများ ဆောင်ပုဒ်များ၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ၂၀၂၄ ခုနှစ်အတွင်း မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါး မှတ်တမ်းဓာတ်ပုံများ စသည်တို့ ပါဝင်သည်။
ကျောင်းသား/သူ လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ အထင်ကရ နေ့ထူးနေ့မြတ်တို့ကို အစဉ်အမြဲ အမှတ်ရစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်နေမှု အခြေအနေများကို သိရှိစေရေး၊ မူးယစ်ဆေးဝါးကို ရှောင်ရှားတတ်စေရန် ရည်ရွယ်၍ အခမဲ့ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)