ဒလ ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉:၃၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဒလမြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးသန်း၀င်းက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးသုံးစွဲသူဘ၀ မရောက်ရှိရန် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် မိတ်ဖွဲ့ခြင်းမပြုလုပ်ရန်၊ မည်သည့်မူးယစ်ဆေးဝါးကိုမှ စမ်းသပ်သုံးစွဲခြင်းမပြုလုပ်ရန်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲရောင်းချ ခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာသင့်သည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဒုတိယဦးစီးမှူး ဦးဝေနိုင်ထွန်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို စိတ်ပါ၀င်စားစွာကြည့်ရူလေ့လာခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးသန်း၀င်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ၀န်ထမ်းများ၊ ကျောင်းဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)