ကျောက်ဆည်မြို့တွင် ပြည်သူ့ဆေးရုံနှင့် မြို့ပေါ်ရပ်ကွက်များ၊ ရေထိန်းဆည်ထိန်းချုပ်ခန်း ရေဝင်ရောက်မှုမရှိရေး ဇော်ဂျီရေထိန်းဆည်ရေကာနံရံများအား ပြန်လည်ပြုပြင်

ကျောက်ဆည် ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးနှင့် မြို့ပေါ်ရပ်ကွက်များ၊ ရေထိန်းဆည်ရေထိန်းချုပ်ခန်း ရေဝင်ရောက်မှုမရှိစေရေး ဇော်ဂျီရေထိန်းဆည် ရေကာနံရံများအား ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ့ရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

ပြန်လည်ပြုပြင်ပေးသည့်လုပ်ငန်းများမှာ ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်နှင့်ကြက်မင်းတွန်ရပ်ကွက်အနီးတွင် တည်ရှိပြီး လုပ်ငန်းများကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီးမံခန့်ခွဲ့ရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မေလ (၂၈) ရက်နေ့ကစတင်၍ မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၂၃) သန်းဖြင့် အလျား (၄၂) ပေ၊ အကျယ် (၁.၅) ပေ၊ အမြင့် (၃.၅) ပေ အတိုင်းအတာဖြင့် ဇော်ဂျီရေထိန်းဆည်တွင် ကာရံထားသော ဝဲ/ယာ ရေကာနံရံများမြှင့်တင်ခြင်း၊ ရေထိန်းဆည်အထက်ပိုင်းပျက်စီးနေသည့် မြစ်၏ဝဲ/ယာ ကျောက်ရိုးစီတာပေါင်များအား ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုအခါလုပ်ငန်းများ (၃၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများပြီးစီးပါက ဇော်ဂျီမြစ်အတွင်း ရေကြီးရေလျှံဖြစ်ပေါ်ချိန်တွင် မြစ်ရေလျှံမှုကြောင့် ဖြစ်ပွားလျက်ရှိသော ရေထိန်းဆည်၏ ရေထိန်းချုပ်ခန်း၊ မြို့ပေါ်ရပ်ကွက်များနှင့် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတို့အား ရေဝင်ရောက်မှုမှတားဆီးကာကွယ်ပေးနိုင်သည့်အပြင် လူနေအဆောက်အဦများနှင့် ပစ္စည်းဆုံးရှုံးမှုအန္တရာယ်မှ တားဆီးကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)