ချမ်းမြသာစည်မြို့နယ်၊ သူနာပြုသင်တန်းကျောင်း၌ ပထမနှစ် (၁/၂၀၂၅)  သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူ ၁၇၂ ဦးအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း

မဟာအောင်မြေ ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်း၊ ပထမနှစ်၊ အပတ်စဥ် (၃၄) ၁/၂၀၂၅ ကြိမ်မြောက် သင်တန်းသား၊ သူများအား ဂျူတီကုတ်နှင့်ဦးဆောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းသူနာပြုသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ သူနာပြုတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများနှင့် ဆရာ/ ဆရာမများ၊ မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ဗဟိုအဆင့်ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ သူနာပြု အုပ်ကြီး၊ သူနာပြုအုပ်နှင့်သူနာပြုဆရာမကြီးများ၊ သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်များနှင့် သင်တန်းသား (၁၄) ဦး၊ သင်တန်းသူ (၁၅၈)ဦး တက်ရောက်ကြသည်။

ရှေးဦးစွာ  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က  အမှာစကား ပြောကြားရာ ဆေးရုံအသီးသီး၌ သူနာပြုဆရာ/ဆရာမအင်အားများ လိုအပ်နေချိန်မှာ သူနာပြုသင်တန်းကျောင်း(မန္တလေး)၌ မန္တလေးတိုင်းဒေသကြီးအတွင်းမှ သင်တန်းသား/သူများနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့- သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ ကချင်ပြည်နယ် ဗန်းမော်မြို့-သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သူများကို ပေါင်းစည်းလေ့ကျင့် သင်ကြားပေးနေသည့် ပထမနှစ် (၁/၂၀၂၅)  သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/သင်တန်းသူ (၁၇၂) ဦးအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား/သူများ အနေဖြင့်လည်း မိမိတို့လေ့လာသင်ယူရသည့် အသက်မွေးဝမ်းကျောင်းပညာရပ်ဖြစ်တဲ့ သူနာပြု အတတ်ပညာဖြင့် မိမိနှင့်မိမိပတ်ဝန်းကျင်လူ့အဖွဲ့အစည်းများအတွင်းမှာ ကျန်းမာရေးအသိပညာ တိုးပွားစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အပြုအမူကောင်းများ ရရှိကျင့်ကြံတတ်စေရန်နှင့် ကျင့်ဝတ်နှင့်ညီညွတ်သော ပြုစုစောင့်ရှောက်မှုများဖြင့် ပြည်သူ လူထုအား အကျိုးပြုနိုင်ရမည်ဟု ရည်ရွယ်ချက်ထားပြီး ကြိုးစားလေ့လာသင်ယူရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကိုစောင့်သိပြီး တာဝန်ကျေပွန်သည့် သားကောင်း/ သမီးကောင်း၊ သူနာပြုကောင်းများဖြစ်ဖို့ မျှော်မှန်းပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သူနာပြုသင်တန်းကျောင်း (မန္တလေး)ကျောင်းအုပ်ကြီး (ဒုတိယညွှန်ကြားရေးမှူး) ဒေါ်စန်းစန်းဦးက “ဂျူတီကုတ်၊ ဦးဆောင်း အပ်နှင်းခြင်း" နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် သူနာပြုသင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်း ပေးအပ်ခြင်း၊ သူနာပြုသင်တန်းသား/သူများမှ သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ သင်တန်းသား/သင်တန်းသူများက “ကရုဏာအလင်း” သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး ထူးချွန်ဆုရ သင်တန်းသူများအား တာဝန်ရှိသူများကဆုများ  ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း