နမ့်စန်(တ) ဇွန် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ် ဆရာကြီး ဦးမျိုးမင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးကြောင့် ထိခိုက်ဆုံးရှုံးမှုများ၊ ကျောင်းသား၊ ကျောင်းသူနှင့် မူးယစ်ဆေးအန္တရာယ် စသည့် ခေါင်းစဉ် များဖြင့်လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်မိုးမိုးဝေက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုက လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ အသိပညာပေးဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)