ပျော်ဘွယ်မြို့ အ.ထ.က-၂ (ပန်းစုံ) တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြော

ပျော်ဘွယ် ဇွန် ၂၅

ပျော်ဘွယ်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ဇွန်လ (၂၅) ရက် နံနက် (၁၀) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ)တွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးက သဘာဝဘေးအန္တရာယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ ပိုမိုဗဟုသုတရရှိစေရန် ဟောပြောပွဲ ကျင်းပဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းဆွေးနွေးပြီး ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းကို ကျောင်းတွင် အသုံးပြုနိုင်ရန် ပေးအပ်ရာ ဒုတိယကျောင်းအုပ်ဆရာကြီး ဦးအောင်နေဝင်း က လက်ခံရယူသည်။

ဆက်လက်၍ မြို့နယ်ဒုတိယမီးသတ်ဦးစီးမှူး ဦးဖြိုးကိုကိုက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အကြောင်းအရာများ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်ခင်ဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်လဲ့လဲ့အောင်က ရာသီတုပ်ကွေးရောဂါကာကွယ်ရေးအကြောင်းအရာများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဇင်မြင့်က သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောပြီး သက်ဆိုင်ရာဌာနများက ကျောင်းသား၊ ကျောင်းသူများထံ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)