တွံတေးမြို့နယ်တွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲပြုလုပ်

တွံတေး ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူများအား စိုက်ပျိုးရေးနည်းပညာဆွေးနွေးပွဲကို ဇွန်လ ၂၃ ရက်နေ့နံနက် ၁၀ နာရီအချိန်က တမံကြီးကျေးရွာအုပ်စု၊ ရွှေဘိုစုကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးမောင်ကျော်က အဖွင့်အမှာစကားနှင့် ဆွေးနွေပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဦးက Seeder(စပါးမျိုးစေ့ချကိရိယာ) အသုံးပြုခြင်း၏ အကျိုးကျေးဇူးများဖြစ်သော မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ပင်ကြား၊ တန်းကြာညီညာစွာစိုက်ပျိုးနိုင်ခြင်း၊ ကြားပေါင်းလိုက်တမန်းနှိုးရန်လွယ်ကူခြင်း၊ တစ်ဧကကောက်ကွက်ပြည့်မီပြီး ပင်ပွားကောင်းမွန်းခြင်း၊ လေဝင်လေထွတ်ကောင်း၍ အပင်ဖြစ်ထွန်းမှု ပိုမိုကောင်းမွန်ခြင်းအတန်းလိုက်စိုက်ပျိုးပေး၍ မြေသြဇာအာဟာရများအား ညီမျှစွာစားသုံးနိုင်ပြီး အထွတ်နှုန်းတိုးစေခြင်း၊ ကုန်ကျစရိတ်သက်သာပြီး အချိန်မီစိုက်ပျိုးနိုင်ခြင်း၊ ရိတ်သိမ်းရန်လွယ်ကူခြင်း၊ စုပေါင်းဆောင်ရွက်နိုင်ခြင်း၊ ဝင်ငွေတိုးတက်စေခြင်းတို့ကြောင့် တောင်သူဝင်ငွေတိုးစေဖို့ Seeder စနစ်ဖြင့် စိုက်ပျိုးကြဖို့တိုက်တွန်းလိုကြောင်း၊ စိုက်ပျိုးရေးနည်းပညာဆိုင်ရာများ၊ စပါးအထွက်ကောင်းသည့် မျိုးစပါးပြောင်းလဲစိုက်ပျိုးကြရန်လည်းကောင်း၊ ရှင်းလင်းဆွေးနွေးပို့ချခဲ့သည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးကလည်းမွေးမြူရေးကိုလည်း စိုက်ပျိုးရေးနှင့်ပူးပေါင်းမွေမြူခြင်း ဝင်ငွေတိုးပွါးရရှိပြီး စိုက်ပျိုးရေးအတွက်လည်း အထောက်ကူပေးနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဒုတိယပိုင်းအနေဖြင့် တောင်းသူဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်ပိုးမွှားတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်ခင်ပြုံးက  ပိုးမွှားအန္တရာယ်အကြောင်းနှင့် ပိုးသတ်ဆေးအကြောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်းက စပါးအထွတ်တိုးမျိုးစေ့များအကြောင်း၊ ဒေသမျိုးရင်းအထွတ်တိုးစပါးအကြောင်းနှင့် ခရိုင်မြေအသုံးချတာဝန်ခံဦးစီးအရာရှိ ဒေါ်ဆွေဆွေမြင့်ကလယ်ယာမြေပြုပြင်နည်း၊ သဘာဝမြေသြဇာပေါင်းစပ်အသုံးပြုနည်း၊မြေယာကောင်းမွန်အောင်ဓာတ်မြေသြဇာအသုံးပြုနည်း၊ သုံးအချရမည့်နှုန်းထားအကြောင်း၊ မြေဓာတ်ပြုမှုအကြောင်း ပြောကြားဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသောတောင်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တမံကြီး၊ ပဒန်ရေကျော်၊ တမာတကော၊ ကံရွာနှင့်ခလောက်ချိုက်ကျေးရွာအုပ်စုများမှ တောင်သူ(၆၀)ဦး တက်ရောက်သင်ကြားခဲ့ကြပြီး ဆွေးနွေးပွဲသည်တောင်သူများအတွက် လက်တွေ့ကျသည့် အသိပညာများ၊ နည်းပညာများနှင့် အတွေ့အကြုံများကိုရရှိစေပြီး စပါးအထွက်နှုန်းတိုးတက်စေကာ စိုက်ပျိုးစရိတ်သက်သာစေခြင်းဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရသည်။

မျိုးလှိုင်