လင်းခေးမြို့၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

လင်းခေး ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒေါ်နန်းမျိုးဆောင်းကျော်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီခွဲ ကလင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား  ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပပျောက်ရေးမဟာဗျူဟာ (၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုတားဆီးနှိမ်နင်းရေး၊ ကာကွယ်ကုသရေးနှင့် မူးယစ်ကွင်းဆက်ဖြတ်တောက်ရေး ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ရေး စသည့် အသိပညာပေး ကဗျာ၊ ဆောင်းပါးများနှင့် ဆောင်ပုဒ်များ ထည့်သွင်းဖော်ပြပါရှိထားကြောင်း၊ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ လူစည်ကားသည့်နေရာများသို့ ကွင်းဆင်း၍ အများပြည်သူတို့လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)