ကျောက်ပန်းတောင်း ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြုလုပ်သည်။
ဆွေးနွေးပွဲ တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းထွန်းတို့က မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သိရှိထားသင့်သည့်အချက်များဖြစ်သော မူးယစ်ဆေးဝါးအမျိုးအစား၊ စိတ်ကို ပြောင်းလဲစေ နိုင်သော ဆေးဝါး၊ မူးယစ်ဆေးလက်ဝယ်တွေ့ရှိသည့်အဓိပ္ပာယ်၊ မူးယစ်ဆေးဝါး တရားဝင်ဖြတ်နိုင်မှုရှိ/မရှိ၊ မူးယစ်ဆေးဝါးလက်ဝယ်ထားသူနှင့် ရောင်းချသူများ ကျခံရမည့်ပြစ်မှု ပြစ်ဒဏ်များ၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များအရ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ စိတ်ကြွရူးသွပ်ဆေးဝါးများကို သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများကို ရှင်းလင်းဆွေးနွေးပြီး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးအတွက် ဝန်ထမ်းအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ လက်တွဲညီညီပူးပေါင်းဆောင်ရွက်၍ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူတိုက်ဖျက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
သဲသဲ(ပြန်/ဆက်)