လယ်ဝေးမြို့နယ်ရုံး၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်း ကျင်းပ

လယ်ဝေး ဇွန် ၂၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့မွန်းလွဲပိုင်းက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က စာပေဖတ်ရှုသည့်အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ ဖလှယ်ဆွေးနွေးနိုင်ရေးရည်ရွယ်ကာ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့‌နောက် လယ်ဝေးမြို့နယ် Book Club ဥက္ကဋ္ဌ ဒေါ်ခိုင်သူဇာဝင်း (စာရေးဆရာမ ခင်လယ်လယ်ချစ် (မြန်/ဂုဏ်)က မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လယ်ဝေးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသဇင်မြင့်က "မြန်မာအမျိုးသမီးတို့၏ဂုဏ်ရည်"၊ ဒေါ်ခင်ဆွေမြင့်က "အမျိုးသမီးများနှင့် မြန်မာ့ယဉ်ကျေးမှု"၊ ဒေါ်ရင်ငြိမ်းအေးက "မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်" စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များက မိမိတို့အမြင်အတွေးများကို ပြန်လည်ဆွေးနွေးခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ လယ်ဝေးမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)