ကျောက်တလုံးကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်

ကျောက်တလုံးကြီး ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်  ၉ နာရီခွဲက ပြုလုပ်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီး မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက ကျောက်တလုံးကြီး အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်နှင့်မူးယစ်ဆေး‌ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပြီး ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဌာနဆိုင်ရာရုံးများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းနှင့် အဆိုပါ လက်ကမ်းစာစောင်တွင် မဟာဗျူဟာ (၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ဆောင်းပါးများ၊ ဆောင်ပုဒ်များ၊ ကဗျာနှင့် ကာတွန်းများပါရှိကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များနှင့် ဗဟုသုတရဖွယ်အကြောင်းအရာများကို ကျောင်းသား/သူလူငယ်များ ပိုမိုသိရှိနိုင်စေရေးအတွက် အသိပညာပေးလုပ်ငန်းများဖြင့် လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း