ရပ်စောက်၌ ရာဂီမုန်တိုင်းကြောင့် စပါးနှင့်သီးနှံများ ထိခိုက်ပျက်စီးမှုအပေါ် နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားပြုလုပ်

ရပ်စောက် ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ်သည့် ရေကြီးရေလျှံမှု နှင့်စပ်လျဉ်း၍ ရပ်စောက်မြို့နယ်အတွင်းရှိ စိုက်ဧက (၂၃၆) ဧကပျက်စီးခဲ့သည့် တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများထည့်သွင်းနိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး ရာဂီမုန်တိုင်းကြောင့် လယ်စပါးစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရသည့် တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် တာဝန်ရှိသူများက ဟွှေးကျေးရွာအုပ်စုအတွင်း ဘန်းပင်ကျေးရွာ၊ ဟွှေးကျေးရွာနှင့် ဇလဲကျေးရွာရှိ‌ တောင်သူများအား ပေးအပ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဆမ်ခမ်းနှင့် ဝန်ထမ်းများက ကျန်ရှိသည့်တောင်သူများအား စနစ်တကျ ထောက်ပံ့ငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် ရပ်စောက်မြို့နယ်အတွင်းရှိ ဟွှေးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာငါးရွာမှ ရာဂီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူ(၅၈)ဦး၏ စုစုပေါင်း‌မြေဧရိယာ(၂၃၆.၆၂) ဧကအတွက် တစ်ဧကလျှင် (၁၀၀၀၀၀)ကျပ်ဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၃၆၀၀၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)