နေပြည်တော် ဇွန် ၂၅
နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု၊ ပေါင်းလောင်းမြစ်၌ ယမန်နေ့ နံနက်ပိုင်းတွင် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြပွဲကိုကျင်းပရာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူလူထုများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ရေဘေးသဏ္ဍာန်တူ ဇတ်တိုက်လေ့ကျင့်ခြင်း အဖွဲ့ခေါင်းဆောင်က နေပြည်တော်ကောင်စီဥက္ကဋ္ဌ အား ဇာတ်တိုက်လေ့ကျင့်မှု စတင်ရန် သတင်းပို့တင်ပြပြီး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆက်လက်ဆောင်ရွက်ရာ ဆော်သြရေးသရုပ်ပြအဖွဲ့မှ စက်လှေဖြင့် မိုးလေဝသ သတင်းများနှင့် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ရန် အသံချဲ့စက်ဖြင့် လိုက်လံကြေငြာခြင်း၊ ရှာဖွေကယ်ဆယ်ရေး သရုပ်ပြအဖွဲ့မှ မြစ်တစ်ဖက်ကမ်းရှိ ရေဘေးသင့်ပြည်သူများအား စက်လှေများဖြင့် သွားရောက် ခေါ်ဆောင်ခြင်း၊ ရေနစ်သူကို ကယ်ဆယ်ပေးခြင်း၊ ကူညီကယ်ဆယ်ရေး သရုပ်ပြအဖွဲ့မှ တစ်ဖက်ကမ်းမှ ရေဘေးရှောင်ပြည်သူများနှင့် ကျေးရွာအတွင်းရှိ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်သည်များကို ကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်ပေးခြင်း၊ ကယ်ဆယ်ရေးစခန်း သရုပ်ပြအဖွဲ့နှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းအဖွဲ့မှ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသည့် ပြည်သူများအား နေရာချထားခြင်း၊ စာရင်းကောက်ယူခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းများကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများမှ ကြည့်ရှုအားပေးကြသည်။
ထို့နောက် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယာယီကယ်ဆယ်ရေးစခန်းတွင် ဇာတ်တိုက်လေ့ကျင့်ခြင်းသရုပ်ပြပွဲ၌ ပါဝင်ဆောင်ရွက်သူများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာ မိုးရာသီကာလမှာ မိုးရွာသွန်းမှုများပြားပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားတတ်သဖြင့် ယခုလို ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်မျှော်တွေးပြီး သဘာဝဘေးကာကွယ်ရေးအတွက် စုဖွဲ့ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ အမြဲမပြတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခင် ရာဂီမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုမှ ထိခိုက်ဆုံးရှုံးမှုတွေကို သင်ခန်းစာယူပြီး အကောင်းဆုံး ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘဘာဝဘေးရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့များကို စွမ်းဆောင်ရည် မြင့်မားမှုရှိအောင် လေ့ကျင့်ဆောင်ရွက်ထားရန်လိုကြောင်း၊ လူ၊ ယာဉ်၊ စက်ပစ္စည်းများကို အမြဲအသင့်ရှိအောင် ဆောင်ရွက်ထားရန်နှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်အောင် ဆောင်ရွက်ထားရန်လိုကြောင်း၊ ဖြစ်ပွားခဲ့သော သဘာဝဘေးများတွင် ဆောက်ရွက်ခဲ့သည့် အားသာချက်၊ အားနည်းချက်များကို ပြန်လည် သုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ပါဝင်ခဲ့သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသို့သွားရောက်ပြီး ပင်လောင်း လမ်းဆုံနှင့် အိုင်စောက်ကျေးရွာကြား လမ်းဘေးရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေမြောင်းများကို သတ်မှတ်အတိုင်းအတာအတိုင်း စနစ်တကျပြန်လည်တူးဖော် ဆောင်ရွက်ရေး၊ ရေမြောင်းများအတွင်း အမှိုက်များ၊ ခြုံနွယ်များမရှိစေရန်ရှင်းလင်း ဆောင်ရွက်ထားရှိရေး၊ Box Culvert နှင့် ရေထုတ်ပြွန်များတွင် အမှိုက်များပိတ်ဆို့မှု မရှိစေရေးရန် ရှင်းလင်းဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)