ဥတ္တရသီရိ ဇွန် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာပေဖတ်ရှုသည့်အလေ့အထကောင်းများတိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများဖလှယ်ဆွေးနွေးနိုင်ရေးရည်ရွယ်ကာ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် စာရေးဆရာ မောင်ရည်ကျော်(ရူပ)က “အကောင်းဆုံး ဘဝနေနည်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ နန်းနန်း(စပါးကျီ)က “ဘဝဝင်္ကပါတစ်နေရာဝယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ချယ်ချယ်(YU)က “မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များ၏ သိရှိလိုသည့်မေးမြန်းချက်များအပေါ် စာရေးဆရာ၊ ဆရာမများက မိမိတို့၏ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို ပြန်လည်ဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)