မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်  ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ    စာစစ်ဌာနသို့ စနစ်တကျပို့ဆောင်ပေးနေမှု ကြည့်ရှုစစ်ဆေး

ချမ်းအေးသာစံ ဇွန် ၂

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည်  တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုခဲ့သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စာစစ်ဌာနအသီးသီးမှ အဖြေလွှာများကို စနစ်တကျသိမ်းဆည်း ဆောင်ရွက်ထားရှိမှုနှင့် ဇွန်၂၄ရက်နံနက်ပိုင်းက မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်   အဖြေလွှာများကို သက်ဆိုင်ရာစာစစ်ဌာနသို့ မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် စနစ်တကျပို့ဆောင်နိုင်ရေး ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမရပူရမြို့နယ်ရှိ သက္ကရာဇ် ၁၁၄၈၊ ခရစ် ၁၇၈၆ ခုနှစ်တွင် ဆင်ဖြူဝန် မဟာမင်းလှကျော်စွာ တောင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော တောင်မင်းကြီး မြတ်စွာဘုရားအား သွားရောက်ဖူးမြှော်ပြီး မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်မင်းကြီးမြတ်စွာဘုရား ဆင်းတုတော်ကြီး၊  ဘုရားပရိဝုဏ်အတွင်းရှိ ဆင်းတုတော်များနှင့် သာသနိကအဆောက်အအုံများကို လိုက်လံကြည့်ရှုပြီး ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ တည်ဆောက်ခြင်းဆောင်ရွက်မည့်လုပ်ငန်းများတွင် အသုံးပြုရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် ဘိလပ်မြေအိတ် အလုံးရေ ၅၀၀ ကို  လှူဒါန်းပေးအပ်သည်။

ဆက်လက်၍ တောင်လေးလုံးကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ပြီးဩဝါဒခံယူကာ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အတွင်း ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် တောင်သမန်မယ်ဇယ်လွင်ပြင်ရှိ ဈေးဆိုင်ခန်းများ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့်တောင်သမန်အင်းဝန်းကျင်နေရာများ၊ ချမ်းမြသာစည် မြို့နယ်ရှိ ကန်တော်ကြီးဝန်းကျင်နှင့်ကန်ပတ်လမ်းနေရာများသို့  သွားရောက်ပြီး အစဉ်အမြဲ သန့်ရှင်းသာယာလှပရေးအလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်