ဒေါပုံ ဇွန် ၂၄
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်နိုင်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါမှ ကာကွယ်နိုင်ရေးတို့အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာမျိုးမျိုးခိုင်က ကျောင်းကျန်းမာရေးဆိုင်ရာများကို ဟောပြောခြင်းနှင့် ကျန်းမာရေးအဆင့်မြင့်ကျောင်း ထူထောင်ရေးလုပ်ငန်းစဉ်များ ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဦးစီးဌာနမှူးနှင့် ၀န်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျောင်းပတ်၀န်းကျင်တစ်ဝိုက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)