ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ပွဲရပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအား မြစ်ကြီးနားမြို့၌ သောင်းသောင်း ဖြဖြဂုဏ်ပြုကြိုဆို

မြစ်ကြီးနား ဇွန် ၂၄

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ် (၂)ခုနှင့် ကြေးတံဆိပ် (၅)ခု ရရှိခဲ့သည့်အပြင် အမျိုးသမီးတံခွန်စိုက်ဆု၊ စုပေါင်းတံခွန် စိုက်ဆုနှင့် အမျိုးသမီးအကောင်းဆုံးဆုရရှိသည့် ကချင်ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းသည်ယမန်နေ့ညနေပိုင်းက မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံများက ပြည်နယ်ဂုဏ်ဆောင် ရွှေလက်ပိုင်ရှင်များအဖြစ် သောင်းသောင်းဖြဖြဂုဏ်ပြု ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်လက်ရွေးစင်အသင်းလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာမှုကို မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဆပ်ကော်မတီအသီးသီးမှတာဝန်ရှိသူများ၊ နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းနှင့် ယူချိန်ကျောင်းမှ ကျောင်းသား/ ကျောင်းသူများ၊ အားကစားသမားများ၏ မိဘ၊ ညီအစ်ကိုများက ဘင်ခရာ၊ ပန်းပွားအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအကအလှများ၊ အေရိုးဗစ်အကအဖွဲ့များနှင့်အတူ ဂုဏ်ပြုစလွယ်၊ အောင်သပြေခက်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဂုဏ်ဆောင်လက်ရွေးစင်အသင်းအား ၎င်းတို့ရရှိခဲ့သော ဆုဖလား၊ ဆု တံဆိပ်များနှင့်အတူ မော်တော်ယာဉ်များဖြင့် တင်ဆောင်ပြီး မြစ်ကြီးနားလေဆိပ်မှတစ်ဆင့် ပြည်ထောင်စုလမ်းမတစ်လျှောက်နှင့် သခင်နက်ဖေလမ်းမှတစ်ဆင့် အောင်ဆန်းလမ်းအတိုင်း ညနေဈေးတန်းတစ်လျှောက် လှည့်လည်ခဲ့ကြပြီး ထိုမှတစ်ဆင့်  ဆွမ်ပရာဘွမ်လမ်း၊ ရုံးကြီးလမ်း နှင့် သခင်နက်ဖေလမ်းအတိုင်း လှည့်လည်ဂုဏ်ပြုခဲ့ကြရာ လမ်းများတစ်လျှောက် ရပ်ကွက်များအလိုက် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ သူနာပြု-သားဖွားသင်တန်းကျောင်းမှ သင်တန်း သား/ သင်တန်းသူများ၊ ကျောင်းသား/ ကျောင်းသူများက လမ်းဘေး ဝဲ/ယာတစ်လျှောက် သောင်း သောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ပြည်သူ့အားကစားကွင်းရှေ့၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဂုဏ်ပြုပန်းကုံး၊ ဂုဏ်ပြုအရုပ်တို့ဖြင့် ထပ်မံကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် ယနေ့နံနက် (၈) နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၏ ဘော်လီဘောအားကစားနှင့် ကြက်တောင်ရိုက်အားကစား ပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့သည် ပြည်နယ်သာယာဝပြောရေးနှင့် အေးချမ်းသာယာရေးအတွက် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများ၏ စည်းလုံးညီ ညွတ်ခြင်းကို ပြသသည့် အထူးနေ့ တစ်နေ့ပင်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန် များသာမက အားကစား၏ စစ်မှန်သည့် ရည်ရွယ်ချက်၊ ကျန်းမာရေး၊ ပျော်ရွှင်မှု၊ ရဲစွမ်းသတ္တိ၊ စည်းကမ်း၊ စိတ်ဓာတ်၊ ခေါင်းဆောင်မှုစွမ်းရည်နှင့် အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်တတ် မှုကို မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းများ၏ ကိုယ်ခန္ဓာနှင့် စိတ်ဓာတ်ဖွံ့ဖြိုးတိုး တက်စေရန် အထူးအလေးပေးဆောင်ရွက်နေကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင် ဘော်လီဘောအသင်း များနှင့် ကြက်တောင်အားကစားအသင်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ကြ ကာ အဖွင့်ပွဲစဉ်အဖြစ် PSO အသင်းနှင့် ဌာနခွဲ (၃)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှု အားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်းရှိ ပိုက်ကျော်ခြင်းအားကစားရုံ၌ ၂၀၂၅ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပ ပြုလုပ်လျက်ရှိသော ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက် (၂၃)နှစ် အောက် (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။

ရှေးဦးစွာ ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်ပွဲစဉ်အဖြစ် ရမ်ပူ(ခ)အသင်းနှင့် သီတာ (ခ) အသင်းတို့၏ နှစ်ယောက်တွဲ ယှဉ်ပြိုင်မှုနှင့် လယ်ကုန်းအသင်းနှင့် သီတာ (ခ)အသင်းတို့၏ လေးယောက်တွဲ ပြိုင်ပွဲ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ ဒိုင်အဖွဲ့ဝင်များနှင့် ကြက်ခြေနီအဖွဲ့များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးကတစ်ဦးချင်း အကောင်းဆုံးဆုများကိုလည်း ကောင်း ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက (၃)ယောက်တွဲနှင့် (၂)ယောက်တွဲ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် ဒုတိယဆုရရှိခဲ့သော အသင်းများအားလည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်က အမျိုးသား (၄)ယောက်တွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများအား လည်း ကောင်း တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဒိုင်းဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က နှစ်စဉ်မြန်မာတို့၏ဓလေ့ထုံးစံနှင့်အညီ ကျင်းပပြုလုပ်သည့် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယခုနှစ်တွင်လည်း ရှေးမူမပျက်ခမ်းခမ်းနားနား ကျင်းပပြုလုပ်နိုင်ရေး အတွက် လုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် လိုအပ်သည်များကို ပွင့်ပွင့်လင်းဆွေးနွေးတင်ပြကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သွား မည့်အစီအစဉ်များနှင့် ယခင်နှစ်ကျင်းပခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက စုပေါင်းဝါဆိုင်္ကန်းဆက်ကပ်လှုဒါန်း ပွဲကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် ကိစ္စရပ်များ၊ အများကုသိုလ်ဖြင့် စုပေါင်းပါဝင်လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဂိုထောင်၌ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကူညီထောက်ပံ့မှုနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် ဒေသဆန်တစ်မျိုးဖြစ်သည့် (၇၀၀-ဘို) ဆန်အိတ် ၁၀၀၀ စု စောင်းသိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)