မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ

မိုင်းဆတ် ဇွန် ၂၄

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ယနေ့ နေ့လယ် ၁၂ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခင်လေးဝင်းက မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်းများအားလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက မူးယစ်ဆေးဝါးပြသနာကိုဖြေရှင်းနည်းများနှင့် မူးယစ်အန္တရာယ်ရှောင်ကျဉ်ဖွယ်အကြောင်းအရာများအားလည်းကောင်း အသီးသီးအကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ကြကြောင်းသိရသည်။

ထို့နောက် ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုကြပြီး သိရှိလိုသည်များအားမေးမြန်းရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)