နမ့်စန်(တ) ဇွန် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် Book Club အသင်း၊ မိုးရိပ်ရှမ်းတောင်၊ တောင်တန်း လူငယ်နှင့် ကရုဏာရှင်လူမှုကူညီရေးအသင်းများနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)(နမ့်စန်မြို့)တို့ ပူးပေါင်းဆောင်ရွက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီနှင့်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲနှင့် အထက်တန်းအဆင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲတို့ကို နံနက် ၉ နာရီခွဲမှ နေ့လယ် ၁၂ နာရီအထိ ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၇) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ပြိုင်ပွဲများကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ဆက်လက်၍ နေ့လယ် ၁ နာရီတွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က အဖွင့် အမှာစကားပြောကြားခဲ့ပြီး မိုးရိပ်ရှမ်းတောင်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်းက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မိုးရိပ် ရှမ်းတောင် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်းနှင့် တောင်တန်းလူငယ်၊ ကရုဏာရှင်အသင်းနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း(MANA)(နမ့်စန်မြို့)တို့မှ တာဝန်ရှိသူများ၊ မြို့နယ် Book Club အသင်းမှ အဖွဲ့ဝင်များနှင့် အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဆုပေးပွဲအပြီးတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)