ကျောက်ပန်းတောင်းမြို့တွင်မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်ကျင်းပ

ကျောက်ပန်းတောင်း ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင်၊ ၂၀၂၅-၂၀၂၆ခုနှစ်၊ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို၊ မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ယနေ့နံနက်(၉)နာရီက၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ရှေ့ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာသူများကို ပျိုးပင်များ လွှဲပြောင်းပေးအပ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူလေးများ စုစုပေါင်းအင်အား (၃၂၃)ဦးတို့က ကျွန်း၊ ယင်းမာ၊ တမာ၊ မယ်ဇလီ၊ကုက္ကိုလ်၊ စိန်ပန်းနီ ၊ စိန်ပန်းပြာ၊ ပျဉ်းကတိုး၊ ကံ့ကော်၊ ပိတောက်၊ ခရေ၊ မယ်ဇယ် အသောကအစရှိသည့်၊ ပျိုးပင် စုစုပေါင်း(၃၀၀)ကို တပျော်တပါး စိုက်ပျိုးပေးခဲ့ကြ သည်။

ကျောက်ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ဆည်ပေါက်ပျိုးဥယျာဉ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးရန်အတွက် အရိပ်ရသစ်ပင်ပျိုးပင်ပေါင်း (၃၀၀၀၀)ကျော် စိုက်ပျိုးထားရှိကြောင်း သိရပြီး၊ အဆိုပါ ပျိုးပင်များကို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကျင်းပခြင်းအပြင်၊ တစ်ရွာ ၂ ဧက စိုက်ပျိုးခြင်း၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြေရေးအတွက် စိုက်ပျိုးခြင်း၊ လူထုဖြန့်စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရပြီး၊ တစ်ရွာ ၂ ဧက ထင်းစိုက်ခင်းအနေဖြင့်လည်း စိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

သဲသဲ(ပြန်/ဆက်)