ဒဂုံ(ဆိပ်ကမ်း) ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအား ထိရောက် စွာဖြင့် ကာကွယ်ထိန်းချုပ် ကုသပေးနိုင်ရေးနှင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက် မှုပေးနိုင်ရန် ရည်ရွယ်၍ ပြည်သူလူထုအခြေပြု ဖျားနာကု အခမဲ့ဆေးခန်း ဖွင့်လှစ်နိုင်ရေး အတွက် ယမန်နေ့ နေ့ခင်း ၁ နာရီခွဲက အမှတ်(၆၁)ရပ်ကွက်၊ အမက(ဧရာဝဏ်)ကျောင်းတွင် ဒုတိယ ကြိမ်မြောက် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း အနည်းငယ်လျော့ပါးလာသော်လည်း ကူးစက်မှုများ ဆက်လက် ဖြစ်ပေါ် နေခြင်းကြောင့် ရှာဖွေဖော်ထုတ်ကုသပေးနိုင်ရေးအတွက် မြို့နယ်အတွင်း ပြည်သူလူထုအခြေပြု ဖျားနာကု အခမဲ့ဆေးခန်းကို အမှတ်(၆၁)ရပ်ကွက်၊ စစ်တောင်းလမ်း၊ အခြေခံမူလတန်းကျောင်း(ဧရာဝဏ်)တွင် ဆေးခန်းနေရာအတွက် ပြင်ဆင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြီးစီးသွားပါက အပတ်စဉ် အင်္ဂါ၊ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံ မိဘပြည် သူများအနေဖြင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်းတို့ ခံစားနေရပါက ကျန်းမာရေး စောင့်ရှောက်မှု စောလျင်စွာ ခံယူနိုင်ကြောင်း ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနဲ့အညီ စနစ်တကျ ဖြစ်စေရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း ရေရှည်ဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာများ၊ ပြင်ပကစေတနာ့ ဝန်ထမ်း ဆရာဝန်များနှင့် ပရဟိတအဖွဲ့များ၊ အလှူရှင်များက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင် ရွက်ပေးရန်လိုကြောင်း လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်း ဖွင့်လှစ်နိုင်ရေး အတွက် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးမှူးဒေါက်တာအေးမူယာကျော်က ယခုလို ဖျားနာကု Fever Clinic အခမဲ့ဆေးခန်းကို ဖွင့်လှစ်ပေးခြင်းသည် ပြည်သူလူထုအား ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်းနှင့် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဖျားနာကု fever Clinic အခမဲ့ဆေးခန်း ကော်မတီဥက္ကဋ္ဌ ဦးလှကြည်က အခမဲ့ဆေးခန်း အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနဲ့အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ရေး အကြံပြု ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသော သက်ဆိုင်ရာဌာနဆိုင်ရာများ ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပြည်သူလူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်းဖွင့် လှစ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန် အကြံပြုဆွေးနွေး ကြကြောင်း သိရသည်။
နန်းရွှေကြည်(ပြန်/ဆက်)