ခရမ်း ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ခုခံအားကျကူးစက်ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းစဥ်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်မောင်ရင်က HIV နှင့် ကာလသားရောဂါကူးစက်ပုံ၊ ပြည်သူ့ဆေးရုံတွင် လက်ရှိကုသပေးနေမှုများ၊ လက်ရှိလူနာများအား ကာကွယ်ကုသရေးအပိုင်းတွင် NGO နှင့် private ဆေးခန်းများမှ ပါဝင်ဆောင်ရွက်ပေးနေမှုများအကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်သူနာပြုဆရာမ ဒေါ်နှင်းဖြူက ကိုယ်၀န်ဆောင် HlV ရောဂါခံစားနေသူများအနေဖြင့် ဆေးရုံတွင်ဆေးကုသမှုများကို ဂရုစိုက်ခံယူသင့်ပါကြောင်းနှင့် ဆေးရုံသို့ ပုံမှန်လာရောက်ကုသမှုခံယူသင့်ပါကြောင်း၊ HIV ကာကွယ်ရေးနှင့် ကုသရေးအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ခရမ်း (ပြန်/ဆက်)