ပင်လောင်းမြို့နယ် အခြေခံပညာမူလတန်း(လွန်)စင်းတောင်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပင်လောင်း  ဇွန် ၂၄

လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရေးနှင့် ဗလငါးတန်ပြည်စုံစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်တောင်းပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာမူလတန်း(လွန်)စင်းတောင်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းမာက လူမှုရေးဆိုင်ရာကူညီထောက်ပံ့မှုနှင့် ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မိုးဦးက လူငယ်နှင့်စာဖတ်ခြင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်သဉ္ဇာနှင့် ဒုတိယဦးစီးမှူး ဒေါ်သူဇာမိုးတို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်သည့် မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးဖြစ်ပေါ်ပါက လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရရှိလာသည့် အန္တရာယ်များ၊ ဆိုးကျိုးများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မူစန်းစန်းအေးက လူငယ်နှင့် အားကစားဆိုင်ရာအကြောင်းများကို အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခြေခံပညာမူလတန်း(လွန်)စင်းတောင်းကျောင်းအတွက်  အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူကြည်လေးက လက်ခံရယူခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲခင်းကျင်းပြသမှုကို ကျောင်းသား/ကျောင်းသူများက လေ့လာဖတ်ရှုမှတ်သားကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်