တံတားဦးမြို့နယ် သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင်လူငယ်စကားဝိုင်းကျင်းပ

တံတားဦး ဇွန် ၂၄

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများ ဖြစ်သည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်ကို ယမန်နေ့မွန်းလွဲ (၂)နာရီက တံတားဦးမြို့နယ် သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သူငယ်တော်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးရဲဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်  လူငယ်များအချင်းချင်း တိုင်ပင်ညှိနှိုင်း ဆွေးနွေးတတ်စေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ အတွေးအမြင်များ ကျယ်ပြန့်လာစေရန်၊ မိမိတို့ သိထား သင့်သော ဗဟုသုတများကို အချင်းချင်း ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က Moderator အဖြစ်ဆောင်ရွက်ပြီး သူငယ်တော်အခြေခံပညာအထက်တန်းကျောင်း(ခွဲ) Grade -10 မှ ကျောင်းသား မောင်အောင်မျိုးက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်၎င်း၊  Grade -7 မှ ကျောင်းသူ မရွှေစင်ထက်က လူငယ်နှင့်ဥပဒေ ခေါင်းစဉ်ဖြင့်၎င်း၊  Grade -10 မှ ကျောင်းသား မောင်ကျော်လင်းထွန်းက လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့်၎င်း၊ Grade - 7 ကျောင်းသူ မအိမွန်ကျော်က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်၎င်း အသီးသီးဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိနှင့် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးကြသည်။

ထို့နောက် ကျောင်းသား/သူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်းအရာများနှင့် ကျန်းမာရေးဆိုင်ရာအကြောင်းအရာများ အရောင်အသွေးစုံလင်စွာဖြင့် ပြသထားသော နံရံကပ်ပြဘုတ်များကိုလည်းကောင်း သုတ၊ ရသစာအုပ်စာစောင်များကိုလည်းကောင်း အသီးသီး ပြသထားရာ ဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)