ရန်ကင်း ဇွန် ၂၄
ရန်ကင်းမြို့နယ်မဂ္ဂဇင်း ၂၀၂၅ ခုနှစ် စာအုပ်မိတ်ဆက်ပွဲကို ဇွန် ၂၁ ရက် နံနက် ၉ နာရီက ရန်ကင်းမြို့နယ် အမှတ် ၄ ရပ်ကွက် ရန်နိုင်လမ်းသွယ် ၇ ရှိ ရန်ကင်းမြို့မစာကြည့်တိုက်၌ကျင်းပရာ ရန်ကင်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရန်ကင်းမြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့၊ ရန်ကင်းမြို့နယ်မဂ္ဂဇင်း နာယကအဖွဲ့၊ စာတည်းမှူးချူပ်၊ စာတည်းအဖွဲ့ဝင်များနှင့် အဆိုပါမဂ္ဂဇင်းတွင် ပါဝင်ရေးသားကြသည့် စာရေးဆရာ၊ စာရေးဆရာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကင်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်က အဖွင့်မုဒိတာစကားပြောကြားပြီး ရန်ကင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဖေအောင်ဝန် (တင်မောင်ဝင်း/မောင်မြို့ပြ) က ရန်ကင်းမြို့နယ်မဂ္ဂဇင်း သမိုင်းအကြောင်းအရာများကို ပြောကြားသည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်အား ရန်ကင်းမြို့နယ် စာရေးဆရာအသင်းမှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။ ဆက်လက်၍ အမျိုးသားစာပေဆု (၃)၊ အရှေ့တောင်အာရှစာပေဆု၊ ဆရာဝန်တင်ရွှေဆုနှင့် ၂၀၂၂ ခုနှစ် တစ်သက်တာစာပေဆုအပြင် ၂၀၂၄ ခုနှစ်တွင်လည်း အလင်္ကာကျော်စွာဘွဲ့ကို ရရှိသူ ဒေါ်ခင်သန်းဝင်း (စာရေးဆရာမကြီး ကြူကြူသင်း) က စာပေလုပ်သားခေတ်မှသည် ယနေ့မြန်မာနိုင်ငံစာရေးဆရာအသင်းခေတ်အထိ ခေတ်အဆက်ဆက် စာပေများရေးသားခဲ့ကြသူများကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ရန်ကင်းမြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဒေါ်ခင်တင့်ဝေ (စာရေးဆရာမ မအေးပွင့်)က ရန်ကင်းမြို့နယ်မဂ္ဂင်းတွင် ရေးသားခဲ့ကြသည့် စာရေးဆရာ/ဆရာမများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
၂၀၂၅ ခုနှစ် ရန်ကင်းမြို့နယ်မဂ္ဂဇင်းတွင် ကဗျာများ၊ ကာတွန်းများ၊ ဝတ္ထုတိုများ၊ ဆောင်းပါးများအပြင် ဘာသာပြန်၊ ကျန်းမာရေး၊ ဘာသာရေး၊ ဂမ္ဘီရ စသည်များကို ကလောင်ရှင် ၆၆ ဦးတို့က ပါဝင်ရေးသားခဲ့ကြကြောင်း သိရသည်။
လှလှထွေး